ညောင်ရမ်းကြီးသမီး
ညောင်ရမ်းကြီးသမီး
(ပုဂံခေတ်)
ညောင်ရမ်းကြီးသမီး စကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးခဲ့သော ကျောက်စာဖြစ်သည်။ ဤကျောက်စာတွင် ကျောက်စာရေးထိုးသူအလှူရှင်မှာ နရပတိစည်သူမင်း၏ သားတော်ကင်္ကသူ၏ ဇနီး၊ ညောင်ရမ်းကြီး၏ သမီးဖြစ်သည်. ဤကျောက်စာတွင် အလှူရှင်၏အမည်ကိုဖော်ပြထားခြင်းမရှိပေ.
ညောင်ရမ်းကြီးသမီးသည် မြန်မာနှစ် ၆၀၄ ခုနှစ်တွင် ခင်ပွန်းကွယ်လွန်ပြီးနောက် အလှူပြုလုပ်သည်. အဖေ၊ အမေ၊ ခင်ပွန်းတို့ကို အမျှဝေသည်။ ထို့နောက် အလှူပစ္စည်းများကို ခင်ပွန်းအတွက် ရည်စူး၍ လှူဒါန်းရာတွင်လည်း အတွင်းဥစ္စာ၊ အပြင်ဥစ္စာဟူ၍ နှစ်မျိုးခွဲလှူဒါန်းသည်။ ရေစက်သွန်းချ အမျှပေးဝေထားသည်.
ညောင်ရမ်းကြီးသမီး အလှူပြုပုံကိုလေ့လာကြည့်လျှင် ခင်ပွန်းသည် ကွယ်လွန်အနိစ္စရောက်ရာတွင် ကြုံတွေ့ရသော အပူမီးကိုငြှိမ်းသတ်ရန် ကြိုးစားမှုကိုတွေ့ရမည်ဖြစ်သည်။ ဘာသာတရား၏ အဆုံးအမသည် သာ ငြိမ်းအေးရာဖြစ်ကြောင်း၊ နားခိုရာဖြစ်ကြောင်း သိသူဖြစ်သည်။ သာသနာတော် အရှည်တည်တံ့စေရေးအတွက် ဥစ္စာပစ္စည်းများလှူဒါန်းသည်.
ခင်ပွန်းကို ချစ်ခင်ရိုသေမြတ်နိုးပုံ၊ ဘာသာတရားကိုင်းရှိုင်းပုံကို ပေါ်လွင်အောင် ပြေပြေပြစ်ပြစ် သိမ်သိမ်မွေ့မွေ့ရေးသားထားသော စကားပြေကောင်းတစ်ပုဒ် ဖြစ်သည်.
။သိဒ္ဓံ။ သကရာဇ် ၆၀၄ ခု ပိသျှက်နှစ် နတ္တော်လဆုတ် ၁၄ ရက် ကြာသပတေးနေ့ လသေ သတင်း အတို့သခင်ကင်္ကသူ ပျံတော်မူပြီး ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့ သခင်ကင်္ကသူ့မယားကား အမိမျိုး အဖမျိုး ၇ ဆက်. ကဲ့ရဲ့ရာမရှိ မြတ်စွာသော အမျိုးတည်း၊ သခင် ညောင်ရမ်းကြီးသမီး။ မိမိအသက်နှင့် တူသော။ မျက်စေ့မျက်ဆန်နှင့်တူသော မိမိချစ်စွာသောလင်. အတို့သခင်ကင်္ကသူ ပျံတော်မူခဲ့ရကား အတည်မရှိသောတရားကိုသိ၍ ထိတ်လန့်၍ ရတနာ ၃ ပါးကိုရည်၍ အရပ်သုံးပါးပြုသတည်း. ဤလူတွင်၌ အတိုင်းမသိ သဒ္ဓါစွာသော ကြည်ညိုစွာသော နှလုံးဖြစ်လတ်၍ ကောင်းမှုအကျိုးကား ပျံခဲ့သော ငါ့သခင် ၁ ယောက် ငါ့မိခင် ၁ ယောက် ငါ့ခမည်း ၁ ယောက် ဤသူ ၃ ယောက် ရစေသတည်းဟူ၍ အရပ် ၃ ပါးကိုတည်သတည်း. သာသနာအထောက်အပင့် ဖြစ်ချင်ရကား အတွင်းသောဥစ္စာ ပတ္တမြားစသော ရွဲမြတ် ၉ ပါး ရွှေငွေ ကြေးနီ ကြေးဖြူ သံ သလွဲ ခုံလောက် အပသောဥစ္စာကား လှေ ဆင် နွား ကျွဲ ဆိတ် ဆင်စွယ် စသော သတ္တဝါ ကျွန်ရွာ မဟာဒါန်လယ်. ဥယျာဉ်ဤမျှသော ဥစ္စာကို ဘုရားသခင် သာသနာလျှင် တပ်ရာမဲ့စွန့်ကြဲသောမူ၍ ၃ ပါး သော အရပ်ကို အဖို့အဖို့ခွဲဝေသောမူလတ်၍ မြေကြီးအသုန္တရေလျှင် သက်သေမူလတ်၍ အလှူရေသွန်း၏.
တောကျောင်း။ အိမ်ကျောင်း။ ငါးမျက်နှာကျောင်း။ ဤသုံးကျောင်းသောတွင်။ မဟာကဿပကျောင်းတွင် တောကျောင်းကိုလှူသော. ဆင်ဦးလယ် ၁၀၀
ခက်ဆစ်အဖွင့်
- ကြေးနီ = နီညိုသောအဆင်းရှိသည့် မြေထွက်သတ္တုတစ်မျိုး
- ကြေးဖြူ = အဖြူရောင်အဆင်းရှိသော မြေထွက်သတ္တုတစ်မျိုး
- ခမည်း = မွေးဖခင်
- ခုံလောက် = ခနောက်စိမ်း၊ ဖြူဖွေးကြွပ်ဆတ်သောသတ္တုတစ်မျိုး
- စွန့်ကြဲ = လှူသည်။ ပေးကမ်းသည်။
- တောကျောင်း = ရွာနှင့်ဝေးသော ရဟန်းတို့သီတင်းသုံးသော အဆောက်အအုံ
- တပ်ရာမဲ့ = တပ်မက်ခြင်းကင်းစွာ။ စွဲလမ်းငြိတွယ်ခြင်းကင်းစွာ
- နတ္တော်လ = နတ်တော်လ၊ ကြီးကဲမြင့်မြတ်သော ကိုးကွယ်ရာနတ်တို့အား ပူဇော်ပသသော လ (မြန်မာ ၁၂ လတွင် ၉ လမြောက်လ)
- ပိသျှက်နှစ် = မြန်မာ ၁၂ နှစ်စက်ဝန်းတွင် ၂ ခုမြောက်နှစ်အမည် (ကဆုန်လ၏ စန်းယှဉ်နက္ခတ်အမည်)
- ပတ္တမြား = များသောအားဖြင့် အနီရောင်ရှိသောကျောက်မျက်တစ်မျိုး
- ပျံတော်မူ = ကွယ်လွန်သည်။ သေသည်
- မဟာဒါန် = ကြီးမြတ်သောဒါန (အလှူကြီး)
- ရတနာ ၃ ပါး = (၁) ဘုရားရတနာ၊ (၂) တရားရတနာ၊ (၃) သံဃာရတနာ
- ရေသွန်း = အဓိဋ္ဌာန်ပြုလျက်ရေစက်ချသည်
- ရွဲမြတ် ၉ ပါး = နဝရတ် ၉ ပါး (ပုလဲ၊ စိန်၊ မြ၊ ဥဿဖရား၊ ဂေါ်မိတ်၊ ကြောင်၊ ပတ္တမြား၊ သန္တာ၊ နီလာ)
- လသေသတင်း = လကွယ်သတင်း၊ လတစ်လ၏ နောက်ဆုံးသတင်းနေ့၊ နောက်ဆုံးဥပုသ်နေ့
- လင် = အိမ်ထောင်ဖက်ယောက်ျား။ ခင်ပွန်း
- သခင် = အရှင်သခင်။ ပိုင်ရှင်
- သလွဲ = ခဲမဖြူ (အဖြူ၊ အနက် နှစ်မျိုးရှိသည်)
- သက်သေ = အဖြစ်အပျက်ကို မျက်မြင်တွေ့သူ
- သိဒ္ဓံ = ပြီးစီးပြီးမြောက်ပါစေသတည်း
- အတည်မဲ့သောတရား = အတည်မရှိသောတရား။ အနိစ္စတရား။ မမြဲသောတရား
- အတွင်းဥစ္စာ = အိမ်အတွင်းသိမ်းဆည်းထားနိုင်သောဥစ္စာပစ္စည်း
- အဖအမျိုး ၇ ဆက် = အဖဘက်ကဆွေမျိုး ၇ ဆင့်
- အမိအမျိုး ၇ ဆက် = အမိဘက်ကဆွေမျိုး ၇ ဆင့်
- အရပ်သုံးပါး = တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်း
- အသုန္တရေ (ဝသုန္ဓရေ) = မြေ၊ မြေစောင့်နတ်
- အိမ်ကျောင်း = အိမ်ရာကိုရဟန်းတို့သီတင်းသုံးရန် ပြုလုပ်ထားသောအဆောက်အအုံ