Rivo Edu

Unit 3: Unit 3

စာရေးသားရန် အကြောင်းအရာရွေးချယ်မှု

စာရေးသားရန် အကြောင်းအရာရွေးချယ်မှု

စာရေးရာတွင်အကြောင်းအရာ၏ အရေးပါမှုနှင့်ပတ်သက်၍ ဆရာကြီးဦးဉာဏက-

"ရေးစရာရှိမှသာ၊ ရေးရမည့်အကြောင်း ခိုင်လုံစွာရှိမှသာ ထိုအကြောင်းကို မိမိနိုင်နင်းသော စာရေးနည်းဖြင့်ရေး၍၊ သရုပ်ပေါ်အောင်၊ လိုရင်းရောက်အောင် ဖော်ထုတ်ရေးသားနိုင် ပေလိမ့်မည်။ ထို့ကြောင့် စာရေးတတ်ခြင်း ပညာထက် စာရေးရန်အကြောင်းမျိုးစုံကို ကုံလုံကြွယ်ဝအောင် စုဆောင်းတတ်သော ပညာက ပိုမိုခဲယဉ်းလေသည်။" ဟူ၍ဆိုထား ပါသည်။

စာရေးသူတစ်ဦးအဖို့ ရေးစရာအကြောင်းအရာသည်အမျိုးမျိုးဖြစ်နိုင်ပါသည်။ ထိုအခါ စာရေးသူ သည် သောင်းခြောက်ထောင်မက များပြားလှသောအကြောင်းအရာအမျိုးမျိုးထဲမှ အကြောင်းအရာတစ်ခုခု ကို ရွေးချယ်ရမြဲဖြစ်ပါသည်။ သူရွေးချယ်သော အကြောင်းအရာကား မည်သို့သောအကြောင်းအရာမျိုး နည်း။ စာရေးရန်သူ့စေတနာအား တိုက်တွန်းလှုံ့ဆော်ပေးသော အကြောင်းအရာပင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သူရေးရမည့်အကြောင်းအရာကို သူ့စေတနာက ရွေးချယ်ပေးသည်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်လျှင် ထိုအကြောင်းအရာကိုမည်သို့မည်ပုံ ရွေးချယ်ရရှိပါသနည်း။

ဤနေရာတွင် စာရေးသူတစ်ဦးအနေနှင့် ရေးစရာအကြောင်းအရာရရှိသည့် အချိန်မှစာအဖြစ် ရေးချ လိုက်သည့်အချိန်အထိ လှုပ်ရှားရသောဖြစ်စဉ် အဆင့်ဆင့်နှင့်ပတ်သက်သည့်ဆရာဇော်ဂျီ၏ အဆိုအမိန့် တစ်ခုကိုတင်ပြလိုပါသည်။

စာရေးလိုသော အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ စာရေးသူတွင်မြင်မှု၊ ကြားမှု၊ ခံစားမှု သိမ္မ စသောကိုယ်နှုတ်နှလုံးအတွေ့အကြုံတို့သည် ရှိခဲ့ရမည်ဖြစ်သည်။ စာရေးသူ၏စိတ် တွင် မြင်မှု၊ ကြားမှုတို့ကိုမှီ၍ ခံစားမှုသည် ပေါ်ရမြဲဖြစ်သည်။ ခံစားမှုအရာ၌လည်း စာရေးဆရာ၏ စေတနာအလိုက်ဆင်းရဲသော ခံစားမှုသော်လည်းကောင်း၊ ချမ်းသာသော ခံစားမှုသည်လည်းကောင်း ပေါ်လာရမြဲဖြစ်သည်။ ထို့နောက်ခံစားမှုအသိ သို့မဟုတ် ဘဝ အသိ ပေါ်ရမြဲဖြစ်သည်။ ထိုစိတ်အစဉ်သည် စာရေးဆရာ၏ စာမရေးသေးခင်ရှိအပ်သော စိတ်အတွေ့အကြုံဖြစ်သည်။ ထိုစိတ်အတွေ့အကြုံသည် စိတ်၏တစ်နေရာ၌ ခိုအောင်းနေ တတ်သည်။ နောင်အခါစေတနာက လှုံ့ဆော်ပေးသဖြင့် စာရေးချင်စိတ် ပေါ်လာသော အခါ ထိုခံစားမှုအသိသည် ပြန်ပေါ်လာသည်။ ထိုအခါကျမှသာ ကလောင်စွမ်းရည်သည် ထိုခံစားမှုအသိကို သို့မဟုတ် မြင်မှုကြားမှုခံစားမှုသိမှုတို့ကို နေရာတကျလှလှပပစီစဉ် ၍ စေတနာလွှတ်ရာသို့ အရောက်ပို့ပေးနိုင်လာသည်။ ဤကဲ့သို့ပင် ကျွန်တော်ယူဆမိသည်။

ထိုအဆိုအမိန့်အတိုင်းပင် စာတစ်ပုဒ်ပေါ်မလာမီ ဖြစ်စဉ်အဆင့်ဆင့်ကို ဖြတ်သန်းရမြဲဖြစ်ပါသည်။ စာရေးသူတစ်ဦးသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပုံကို မြင်ခဲ့ကြားခဲ့သိခဲ့မှတ်ခဲ့ရသည် ဆိုပါစို့။ စာရေးသူအဖို့ ထိုအတွေ့အကြုံကြောင့် ခေါင်းဆောင်ကြီးများကို ကြည်ညိုလေးစားခြင်း၊ နှမြောသတခြင်း၊ ဝမ်းနည်းကြေကွဲခြင်း စသောခံစားမှုများ ပေါ်ပေါက်ခဲ့ပေလိမ့် မည်။ ထိုမှတစ်ဖန် ထိုခံစားမှုများနှင့်ယှဉ်၍ ‘ထိုသို့ နိုင်ငံအတွက်အသက်ပေးသွားခြင်းသည် မွန်မြတ်လှပါ တကား’ ဟူသောအသိတရားတစ်ခု ရခဲ့ပေလိမ့်မည်။ ထိုခံစားမှုနှင့် ယှဉ်သောအသိတရားသည် သူ၏ စိတ်ထောင့်တစ်နေရာတွင် ခိုအောင်းနေပေလိမ့်မည်။ ထိုမှ အာဇာနည်နေ့တစ်နေ့သို့ရောက်သောအခါ အာဇာနည်များအပေါ် ထားရှိသည့်စေတနာက လှုံ့ဆော်ပေးသည့်အတွက် စာရေးချင်စိတ်ပေါ်လာ သည်ဆိုပါစို့။ ထိုအခါသူ့စိတ်တွင် ပေါ်ပေါက်ခဲ့ဖူးသော ခံစားမှုအသိသည် စိတ်ထောင့်တစ်နေရာမှ ပြန်လည် နိုးကြားလာပေလိမ့်မည်။ ထိုအခါ သူ့ကလောင်စွမ်းရည်က ထိုခံစားမှုအသိကို နေရာတကျစီစဉ်ပေးခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ရည်ကိုဖော်ထုတ်သည့် စာတစ်ပုဒ်ပေါ်ပေါက်လာမည်ဖြစ်သည်။ သူ့စာသည် သူ့စေတနာက ပဲ့ကိုင်ပေးသည့်အတိုင်း ပုံပေါ်လာမည်ဖြစ်သည်။ ဤသို့ဖြင့် စာရေးသူ၏စိတ်ထဲ တွင် ခိုအောင်းနေသော အတွေ့အကြုံတစ်ခုခုကို သူ့စေတနာက ရွေးချယ်ထုတ်ဖော်ပေးသည့်အတွက် စာရေး စရာအကြောင်းအရာအဖြစ် ပေါ်ထွက်လာရခြင်းဖြစ်သည်ဟု ဆိုရပါလိမ့်မည်။

(စကားပြေသဘောတရား စကားပြေအတတ်ပညာ - မောင်ခင်မင် (ဓနုဖြူ))

အကြောင်းအရာ၏ နယ်နိမိတ်ကန့်သတ်မှု

စာရေးသူသည် အကြောင်းအရာတစ်ခုခုကို ရွေးချယ်ရရှိပြီးစေကာမူ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူသိသမျှအကုန်ချရေး၍ မဖြစ်နိုင်သေးပါ။ အကြောင်းအရာတစ်ခုဟု ဆိုစေကာမူထို တစ်ခု ပမာဏသည်ပင် ကျယ်ပြန့်လှပါသေးသည်။ ထို့ကြောင့် စာရေးသူသည်သူ့စေတနာ၊ သူ့ရည်ရွယ်ချက်၊ သူ့စာဖတ်ပရိသတ်၊ သူရေးမည့်စာ၏ အတိုင်းအဆစသည်တို့ကို ထောက်ချင့်ကာ အကြောင်းအရာကိုနယ် နိမိတ်ကန့်သတ်ပေးရပါသည်။ ထိုအကြောင်းအရာ၏ မည်သည့်အပိုင်းကို အားပြုဖော်ပြမည်၊ မည်သည့် ထောင့်ကကြည့်၍ ဖော်ပြမည်စသည်ဖြင့် နယ်နိမိတ်ကန့်သတ်ရပါသည်။

ရှေ့ပိုင်းကပြခဲ့သည့် သာဓကကိုပင် ဆက်ပြချင်ပါမည်။ အကြောင်းအရာအဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်းကို ရွေးချယ်ပြီဆိုပါစို့။ ထိုသို့ ရွေးချယ်လိုက်ရုံနှင့် ကိစ္စမပြီးပါ။ အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း သိထားမှတ်ထားသမျှ အကုန်ရေးချရလျှင် အလွန်ကျယ်ဝန်းပြီး ပြွတ်သိပ် ပေလိမ့်မည်။ ထို့ကြောင့်အကြောင်းအရာကို နယ်နိမိတ်ကန့်သတ်ရပါသည်။ စာရေးသူ၏ စေတနာကိုလိုက် ၍ခေါင်းဆောင်ကြီးများ၏ ဘဝဖြစ်စဉ်များကို အားပြုဖော်ပြမည်၊ သို့မဟုတ် စိတ်နေသဘောထားကို အားပြု ဖော်ပြမည်၊ သို့မဟုတ် ကြိုးပမ်းချက်များကို အားပြုဖော်ပြမည်၊ သို့မဟုတ် လုပ်ကြံခံရသည့် နောက်ဆုံးနေ့ အကြောင်းကို အားပြုဖော်ပြမည်စသည်ဖြင့် အကြောင်းအရာကို နယ်နိမိတ်ကန့်သတ်ရပါသည်။ သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီးအားလုံး၏ အကြောင်းကိုမဖော်ပြဘဲ၊ ခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်းကို ရွေးချယ်ပြီးဖော်ပြမည် စသည်ဖြင့်နယ်နိမိတ်ကန့်သတ်နိုင်ပါသည်။ ခေါင်းဆောင်ကြီးတစ်ဦး၏ အကြောင်း သည်ပင် အပြည့်အစုံဖော်ပြရန် ကျယ်ဝန်းနေပါသေးသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုပါစို့။ ဗိုလ်ချုပ် ၏ ကလေးဘဝ၊ ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ ဂျပန်စစ်ပညာသင်ဘဝ၊ တပ်မတော် အကြီးအကဲဘဝ၊ အိမ်ထောင်သည်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝစသည်ဖြင့် ဗိုလ်ချုပ်ဘဝဖြစ်စဉ်ကို ကဏ္ဍ အမျိုးမျိုး ပိုင်းခြားကြည့်နိုင်ပါသည်။ ထို့အတူဗိုလ်ချုပ်၏ ဓလေ့စရိုက်၊ စိတ်နေသဘောထား၊ အရေးအသား စွမ်းရည်၊ ဟောပြောမှုစွမ်းရည်စသည်ဖြင့် ဗိုလ်ချုပ်၏ ဂုဏ်ရည်များကို ရှုထောင့်အမျိုးမျိုးက လေ့လာကြည့် နိုင်ပါသည်။

ဗိုလ်ချုပ်အကြောင်း စာရေးသူအမျိုးမျိုးတို့ ရေးခဲ့ကြသည်မှာများလှပါပြီ။ အောက်ပါခေါင်းစဉ်များ ကို ကြည့်ရုံနှင့် စာရေးသူအမျိုးမျိုး၏ နယ်နိမိတ်ကန့်သတ်ပုံ အမျိုးမျိုးကို အကဲခတ်နိုင်လောက်ပါသည်။

  • ဗမာ့နိုင်ငံရေးသုခမိန် (မောင်ထင်)
  • ဗိုလ်ချုပ်၏ခေါင်းဆောင်အင်္ဂါ (မောင်ထင်)
  • ကျွန်တော်သိသောသခင်အောင်ဆန်း (ဗိုလ်ခွန်ဖြူ)
  • ဗိုလ်ချုပ်ဒေါသထွက်သောနေ့ (ဗိုလ်တာရာ)
  • ဗိုလ်ချုပ်ဆုံးဖြတ်သောရဲဘော်၏တန်ဖိုး (မောင်ယဉ်ခန့်)
  • စာရေးဆရာဦးအောင်ဆန်း (မောင်ကျော်သာ)
  • အောင်ဆန်း သို့မဟုတ် အရိုင်း (ဒဂုန်တာရာ)
  • ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (ဒဂုန်တာရာ)

ဤသို့ဖြင့်စာရေးသူ၏ စေတနာ၊ ရည်ရွယ်ချက်၊ သဘောထားတို့ကအကြောင်းအရာ၏ နယ်နိမိတ်ကို ကန့်သတ်ပေးကြောင်း သိနိုင်ပါသည်။

အကြောင်းအရာနယ်နိမိတ် ကန့်သတ်မှုနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်ပြုစုပုံကို သာဓကဆောင်လို ပါသည်။ ထိုစာအုပ်အမည်မှာ ပထမမြန်မာများဖြစ်၍ပြုစုသူမှာ ‘မင်းယုဝေ’ ဖြစ်သည်။ ထိုစာအုပ်တွင်စာပေ၊ ပန်းချီ၊ ကာတွန်း၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ အားကစား၊ လူမှုဝန်ထမ်းတို့နှင့် ပတ်သက်၍ ကြိုးပမ်းဆောင် ရွက်ခဲ့ကြသော မြန်မာနိုင်ငံသားပုဂ္ဂိုလ်များအကြောင်းကို ဖော်ပြထားသည်။ သို့သော်စာရေးသူက သူ့ အကြောင်းအရာကို “ပထမမြန်မာများ” ဟူ၍ “ပထမ” ဟူသောစကားဖြင့် နယ်နိမိတ်ကန့်သတ်လိုက်သည်။ ထို့ကြောင့်ဆိုခဲ့သောပုဂ္ဂိုလ်မျိုးမှန်သမျှအားလုံးပါဝင်စရာမလိုတော့ဘဲ ထိုကိစ္စများကို တစ်ခေတ်ဆန်းအောင် ပထမဆုံးစတင်တီထွင်သော ပထမပုဂ္ဂိုလ်များ သာ ပါဝင်တော့သည်။ သို့ဖြင့် မြန်မာများထဲမှ ပထမအင်္ဂလိပ်-မြန်မာအဘိဓာန်ဆရာဖြစ်သော မက္ခရာမင်းသားကြီး၊ ပထမဆရာဝန်ဖြစ်သော ဒေါက်တာရှောလူး၊ ပထမ လူမှုဝန်ထမ်း အမျိုးသမီးဖြစ်သော ဒေါ်ဦးဇွန်း၊ ပထမပါမောက္ခဖြစ်သော ဦးဖေမောင်တင်၊ ပထမရုပ်ရှင် ပညာရှင်ဖြစ်သော ဦးအုန်းမောင်၊ ပထမကာတွန်းဆရာဖြစ်သော ဦးဘကလေး စသည့်ပုဂ္ဂိုလ် ၁၈ ဦး၏ အကြောင်းများသာ ပါဝင်လာရသည်။ စာရေးသူကလည်း အမှာစာတွင်-

"မြန်မာ့လောကတွင်ပညာရပ်အသီးသီး လုပ်ငန်းအမျိုးမျိုးတွင် ကြိုးပမ်းခဲ့သူ အလားတူပုဂ္ဂိုလ် ကျော်များ အများအပြားရှိပါလိမ့်ဦးမည်။ ယခု ကျွန်တော်တင်ပြခဲ့သည်မှာ လက်လှမ်းမီသမျှ သာ ဖြစ်ပါသည်။"

ဟူ၍အမှာအထား ပြုပါသေးသည်။ ဤသို့ဖြင့် အကြောင်းအရာ၏ နယ်နိမိတ်ကန့်သတ်မှု သဘောကို သိနိုင်ပါသည်။

(စကားပြေသဘောတရား စကားပြေအတတ်ပညာ - မောင်ခင်မင် (ဓနုဖြူ))